Wednesday, April 25, 2012

Kamakura Buddha Statue


ဂျပန်နိုင်ငံ တိုကျိုမြို့ ကို အလည်ရောက်ရင် ဗမာလူမျိုးတွေ အများဆုံးသွားလေ့ရှိတဲ့ နေရာကတော့ ကမာကူရမြို့ မှာ ရှိတဲ့ ကမာကူရ ဘုရားဆင်းတုတော်(Kamakura Daibutsu/鎌倉大仏)ပဲ ဖြစ်ပါတယ်။ ဂျပန်မှာတော့ ဒုတိယ အမြင့်ဆုံး ကြေးဆင်းတုတော်ကြီး ဖြစ်ပြီး၊ဥာဏ်တော် အမြင့် ၄၃.၈ ပေရှိတယ်လို့ သိရပါတယ်။ မိုးရွာရွာ၊နေပူပူ လဟာပြင်မှာ (၁၄၉၅)ခုနှစ်ကတည်းက တည်ရှိနေခဲ့တာပါ။ (၁၄-ရာစုဝန်းကျင်က တိုင်ဖုန်း မုန်တိုင်းဒဏ်နဲ့ ဒီရေလှိုင်းဒဏ်ကြောင့် အမိုးအကာတွေ ပျက်စီးသွားတာလို့ ဆိုပါတယ်။)ဘုရားကို ရှိခိုးဦးချတဲ့သူဆိုလို့ တစ်ယောက်မှ မတွေ့ရပါဘူး၊ကျွန်တော်တို့ ဗမာလူမျိုးတွေက လွဲလို့ပေါ့လေ။ ဘုရားကို ဓာတ်ပုံ ရိုက်ကြ၊ ဘုရားဆင်းတုတော်ရဲ့ နောက်ကျောက အပေါက်ကနေ အပေါ်ကို ပိုက်ဆံပေးပြီး တက်ကြည့်ကြသူတွေက များပါတယ်။




ကမာကူရ ဘုရားဆင်းတုတော်(Kamakura Daibutsu/鎌倉大仏)
ဓာတ်ပုံရိုက်ကြသူက များပါတယ်

နောက်ကျောပေါက်ကနေ အခုလို ဝင်ကြည့်လို့ ရပါတယ

ဗမာတွေ သွားလေ့ရှိတဲ့ နောက်တစ်နေရာကတော့ တိုကျိုဆင်းတုတော်(Tokyo Daibutsu/東京大仏) ဖြစ်လိမ့်မယ် ထင်ပါတယ်။ ကမာကူရဘုရားဆင်းတုတော်နီးပါး  အမြင့်ပေရှိပေမယ့် အောက်ခံပလ္လင်က မြင့်နေတာပါ။

တိုကျိုဆင်းတုတော်(Tokyo Daibutsu/東京大仏) 

Rainbow bridge လို့ ခေါ်တဲ့ ရထားစီးပြီး တိုကျိုမြို့ကို အပေါ်စီးကနေ ကြည့်ရတဲ့ မြင်ကွင်းက အင်မတန် လှပပါတယ်။ညီအစ်ကို မသိတသိအချိန် မှောင်ရီပျိုးစ ဆိုရင် အလှဆုံး အချိန်ဖြစ်မယ် ထင်ပါတယ်။ ဗမာတွေ ရွှေဥာဏ်တော် စူးရောက်ပုံကတော့ သြချလောက်ပါရဲ့ …အဲဒီ့ Rainbow bridge ရထားစီးတဲ့အခါ ဒုတိယမြောက် ဘူတာလက်မှတ်ကို ဝယ်တယ်၊ပြီးတော့ ဂိတ်ဆုံးထိ စီးပြီး၊ အဲဒီ့ ရထားပေါ်က မဆင်းဘဲ ပြန်လိုက်လာတယ်…လက်မှတ်ဖြတ်ထားတဲ့ ဘူတာကို ရောက်မှ ဆင်းကြတာ။(သူများတွေလည်း ဒီလိုပဲ စီးကြသလားတော့ မပြောတတ်ပါ။)


                                  ကင်မရာ ရိုက်ချက်က ညံ့လို့ပါ၊ ရှုခင်းက အရမ်းလှပါတယ်။


Rainbow bridge ရထားပေါ်က မြင်ကွင်းတစ်ခု 




အချိန်ရမယ်ဆိုရင်တော့ နိုင်ငံခြားသား အများစု ကျက်စားလေ့ရှိတဲ့ အာခိဟဘရ (Akihabara/秋葉原) ကို သွားသင့်ပါတယ်။ လျှပ်စစ် ပစ္စည်းနဲ့ ပတ်သက်တဲ့ အရာတွေ အားလုံးနီးပါးကို ဈေးနှုန်းအမျိုးမျိုးနဲ့ ဝယ်လို့ကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ရေဒီယိုအစ ကွန်ပြူတာအဆုံး စိတ်ကြိုက်ဝယ်လို့ ရနိုင်တာကြောင့် အီလက်ထရောနစ် ပစ္စည်းတွေကို စိတ်ဝင်စားသူကတော့ မဖြစ်မနေ သွားသင့်တဲ့ နေရာပါ။